Monday, 11 December 2017

Proxy Server ဆိုတာဘာလဲ

Proxy Server ဆိုတာဘာလဲ
Proxy Server ဆိုတာဟာ Internet Connection ကို Sharing ပေးတဲ့နေရာမှာ သုံးတဲ့ Server တစ်မျိုးပဲဖြစ်ပါတယ်။ Internet Connection ကို Sharing လုပ်ပေးတယ်ဆိုတာဟာ Internet Connection လေးတစ်ခုကို ကိုယ့်ရဲ့ Local Area Network တွင်းက Computer တိုင်းသုံးစွဲနိုင်အောင်လို့ ကြားခံဝင်ရောက်လုပ်ကိုင် ပေးခြင်းဖြစ်ပါတယ်။ အဲဒီလို ကြားခံဝင်ရောက်ပြီး Internet Connection ကို Share လုပ်ပေးနိုင်တဲ့ နည်းလမ်း (၃) မျိုးရှိပါတယ်။ အဲဒါတွေကတော့ - (1) ICS ( Internet Connection Sharing Service ) (2) NAT ( Network Address Translation Service ) (3) Proxy Server တို့ပဲဖြစ်ပါတယ်။ အဲဒီ (၃) မျိုးထဲမှာ အကောင်းဆုံးကိုပြပါဆိုရင်တော့ Proxy Server ကိုပြရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းပြစရာတွေ အများကြီးရှိနေလို့ပါပဲ။ တခြားနည်းလမ်းတွေရဲ့ ဟာကွက်တွေမကောင်းတာလေးတွေကို Proxy Server မှာ မတွေ့ရသလို Proxy Server ရဲ့ စွမ်းဆောင်ရည်တော်တော်များများကိုလည်း တခြားနည်းလမ်းတွေမှာ လုံးဝမရနိုင်ပါဘူး။ ICS ဆိုတဲ့ Internet Connection Sharing Service ကို အသုံးပြုခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Network အတွင်းမှာ Computer အလုံးရေ 254 လုံးအထိပဲ ချိတ်ဆက်ခွင့်ရနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ICS Service ကို Run ထားပြီး Internet Connection Sharing ပေးတဲ့နည်းလမ်းကိုသုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ LAN အတွင်းမှာရှိတဲ့ Computer တွေဟာ 192.168.0.1 ကနေ 192.168.0.254 ၊ Subnet Mask 255.255.255.0 အတွင်းက Address တွေကိုသာ သုံးစွဲနိုင်ခွင့်ရကြမှာပါ။ ဘာလို့လဲဆိုတော့ ICS Service ဟာ သူ့ရဲ့ Local Network Address ကို 192.168.0.0 အဖြစ် Default အရ အသေသတ်မှတ်ထားတာကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ပိုင်ခွင့်မရှိပါဘူး။ ဒါ့အပြင် ICS Service သည် Network Traffic ကိုလည်းမထိန်းနိုင်ပါဘူး။ အဲနောက်တစ်မျိုးဖြစ်တဲ့ NAT (Network Address Translation Service) သူလည်း Internet ကို Sharing လုပ်ပေးနိုင်တာမှန်ပါတယ်။ ဒါ့အပြင် သူက ICS Service ထက် ပိုသာတဲ့အချက်က သူ့ရဲ့ Local Network ကို IP Address သတ်မှတ်ရာမှာ 192.168.0.0 Network တစ်ခုတည်းပုံသေ သတ်မှတ်ထားတာမျိုးမရှိတော့ပါဘူး။ မိမိကြိုက်နှစ်သက်ရာ Network Address တစ်ခုကို ကိုယ်တိုင်သတ်မှတ်ရွေးချယ်နိုင်ပါတယ်။ ပြီးတော့ NAT Service မှာ Basic Firewall function ပါလာတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Local Network ကို ပိုပြီးလုံခြုံမှုရှိလာစေပါတယ်။ ဒါပေမယ့် ICS Service နဲ့တူတူ မကောင်းတဲ့အချက်လေးကတော့ သူဟာလည်း Network Traffic ကိုလုံးဝမထိန်းထားနိုင်ပါဘူး။ ကဲ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Proxy Server ကကော ၊ ဟုတ်ကဲ့။ Proxy Server ရဲ့ ကောင်းချက်တွေကတော့ အများကြီးပါပဲ။ ဟို Service နှစ်ခုမှာ လုံးဝမဖြစ်နိုင်တာတွေကို Proxy Server က ကောင်းကောင်းဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အရင်ဦးဆုံးကိုယ့်ရဲ့ Local Network ကို Address သတ်မှတ်ရာမှာလည်း ကြိုက်တဲ့ IP Address Class ထဲက ပေးချင်တဲ့ Address ကို စိတ်ကြိုက်ရွေးချယ်ပြီး သတ်မှတ်ပေးနိုင်ပါတယ်။ ပြီးတော့ Proxy Server ဟာ ကိုယ့်ရဲ့ Local Network ထဲကကွန်ပျူတာတွေကို ICS နဲ့ NAT တို့မှာလိုမျိုး Internet ပေါ်ကို တိုက်ရိုက်ချိက်ဆက်ပေးတဲ့ သဘောမျိုးမဟုတ်တော့ပဲ Proxy Server ရဲ့ Web Proxy Service ကနေ ဖွင့်ပေးထားတဲ့ Port တစ်ခုကနေပဲ ချိတ်ဆက်သုံးစွဲစေတာဖြစ်တဲ့အတွက် security မှာလည်းအများကြီးလုံခြုံသွားစေပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ Local Network ထဲက client တွေကို ပေးမသုံးချင်တဲ့ Website တွေကိုပိတ်ထားလိုရပါတယ်။ Local Network ထဲက ဘယ် Computers တွေကိုတော့ဖြင့် Internet ပေးမသုံးချင်ဘူးလဲ ၊ Internet ပေးသုံးထားတဲ့ Client တွေကိုလဲ ဘယ်အချိန်တွေအတွင်းမှာပဲ ပေးသုံးမျာလဲ စတဲ့ security permission တွေကိုလည်း စိတ်ကြိုက်သတ်မှတ် ကန့်သတ်ထားနိုင်ပါတယ်။ ဒါ့အပြင် Local Network ထဲက Client Computer တစ်လုံးက Website တစ်ခုကိုလှမ်းခေါ်သုံးလိုက်ပြီဆိုတာနဲ့ အဲဒီ Website ကို Proxy Server က သူ့ရဲ့ cache ထဲမှာယာယီသိမ်းလိုက်ပါတယ်။ အဲဒီအချိန်ကနေ သတ်မှတ်ထားတဲ့ အချိန်အတိုင်းတစ်ခုအတွင်း (သို့မဟုတ်) သတ်မှတ်ထားတဲ့ cache ပမာဏ မပြည့်လွန်မီအချိန်အတွင်း (အဲဒါတွေကို Proxy Server မှာ ကိုယ်တိုင်စိတ်ကြိုက်သတ်မှတ်ပေးနိုင်ပါတယ်။) မှာ နောက်ထပ် Client Computer တစ်လုံးက အဲဒီ Website ကိုပဲ ထပ်မံခေါ်ယူသုံးစွဲခဲ့မယ်ဆိုရင် Proxy Server ဟာ သူ့ရဲ့ cache ထဲကနေပဲ ထုတ်ပေးလိုက်မှာဖြစ်တဲ့အတွက် Network Traffic ကို ထိန်းချုပ်ထားတဲ့ သဘောသက်ရောက်ပြီး Internet speed ကို ပိုမိုမြန်ဆန်စေပါတယ်။ ကိုယ့်ရဲ့ Local Network ထဲ client computer တွေ ဘယ် Website တွေကို ခေါ်ယူသုံးစွဲသွားကြတယ် ဆိုတာကိုလည်း Proxy Server ထဲက Log File ထဲမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ Local Network ထဲက Computer တွေကို Internet ပေးသုံးတဲ့နေရာမှာလည်း သတ်မှတ်ထားတဲ့ username နှင့် Password ကိုသိမှ အသုံးပြုခွင့် ရအောင်လည်းလုပ်ထားနိုင်ပါတယ်။ ကဲကဲ ဆက်ပြောရင်တော့ ရေးတဲ့ကျွန်တော်လည်းလက်ညောင်း စာဖတ်သူလည်းမျက်စိတွေတောင်ညောင်းသွားမယ်။ အခုလောက်သိထားမယ်ဆိုရင်လည်းလုံလောက်ပါတယ်။

No comments:

Post a Comment

မှတ်ချက်ရေးသားထားခဲ့နိုင်ပါတယ်။ ကျေးဇူးပါ။